Sunday, November 18, 2012

ချစ်သူအတွက်ရေးတဲ့ကဗျာ............


အရာရာကို ငြီးငွေ့လွယ်တဲ့

ပြောင်းလဲမှုကို နှစ်သက်တဲ့ ငါ..............

ထာဝရ မပြောင်းလဲတာဆိုလို့ ရင်ထဲက နင်ပဲ ရှိတယ်.........။

ငါ့ကိုဘာလို့ချစ်တာလဲ?????? တဲ့

အဲ့ဒါဆိုရင် မေးစမ်းပါရစေ

ချစ်တယ်ဆိုတာ အကြောင်းပြချက်လိုလို့လား.............။

ငါ ဘယ်လောက်ချစ်တယ်ဆိုတာ နင်သိချင်မှသိလိမ့်မယ်

ဒါပေမယ့် ငါက ချစ်တတ်လွန်းလို့ ငါ့ကိုယ့်စောင့်နတ်ကတောင် ငါ့ကို ကျိန်ဆဲနေပြီ

(လူဆိုတာ ကိုယ့်ကိုကိုယ်အချစ်ဆုံးဆိုတဲ့ ဥပဒေသကို ချိုးဖောက်လို့တဲ့)


စီးပွားတွက် တွက်ကြည့်မယ်ဆိုရင်........

နင့်အတွက်နဲ့ ငါစွန့်လွှတ်ခဲ့ရတဲ့အရာတွေ အများကြီးပဲ.....

နင်ကတော့ ငါ့အတွက်စွန့်လွှတ်ခဲ့တာ ချစ်သူမရှိဘူးဆိုတဲ့ ဂုဏ်ပုဒ်လေးတစ်ခုထဲ............။

(ဒါပေမယ့် ငါကဒါလေးနဲ့တောင် ကျေနပ်နေခဲ့တာ.......)

ငါ့ရဲ့အတ္တဆန်ဆန် ခံယူချက်တစ်ချို့ကြောင့်ပေါ့........

နင့်ကို မပြောဖြစ်ခဲ့တဲ့ ခံစားမှုအချို့ရှိတယ်...

တစ်ခါတစ်လေလည်း ငါမပြောပဲနဲ့ နင့်ဘာသာနင် သိသွားလေရဲ့.............။

လူတွေက ငါ့ကိုမှတ်ချက်ချကြတယ်

ငါ့ကို ပျော်ရွှင်မှုတွေနဲ့ ပြဿနာတွေကို ကျောပိုးအိတ်ထဲ ထည့်လွယ်တဲ့လူတဲ့

ငါ့ပျော်ရွှင်မှုကို ငါကိုယ်တိုင်တောင် မဖန်တီးနိုင်တာ သူတို့မသိကြဘူး.........။

(ဘယ်တော့မှ သိကြမှာလည်း မဟုတ်ဘူး........)

ငါ့ကို ချစ်တဲ့လူတွေအများကြီး................

ဒါပေမယ့် ငါချစ်တာကျတော့ နင်တစ်ယောက်ထဲ.............

( စီးပွားရေး လုပ်စားတာဆိုရင် ငါတော့အရင်းပြုတ်နေပြီ........)

သေချာတာကတော့...................

ဖြစ်ချင်ရာဖြစ်ဆိုပြီး ဖြစ်သလိုမေ့ပစ်ရအောင်လည်း

ငါက နင့်ကို ဖြစ်သလိုချစ်ခဲ့တာ မဟုတ်ဘူး...........။

                                                                           မချစ်စနိုး

Wednesday, November 14, 2012

သင်က NATOလား???? NTAOလား??????

ဒီနေ့ အတန်းလစ်နေကျ မချစ်စနိုးတစ်ယောက် အတန်းမလစ်ပဲ မချစ်စနိုးတို့ ဘောဂဗေဒဌာနမှ အဖေဂျမ်းလို့ နာမည်ကြီးတဲ့ ဆရာဦးဝေတည်စာသင်ချိန်ကို တက်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ မနေ့ကTutorialချိန်မှာ ဒီနေ့မတက်ရင် နောက်နောင် ကျူတိုရီယယ်ဖြေခွင့်လုံးဝမပေး လို့ ကြေညာထားလို့ပါပဲ။ အဲံဒီ့ကြေညာချက်ကောင်းမှု အကြောင်းပြုပြီး ဒီနေ့ အတန်းထဲမှာ လူတော်တော်စုံနေပါတယ် ။ မမြင်ဖူးတဲ့ မျက်နှာ အသစ်လေးတွေကိုလည်း မြင်ရတယ်ဆိုပါတော့။

"မင်္ဂလာပါဆရာ..........."

"ဒီနေ့မိုးအုံ့နေပါတယ်မှတ်တာ။လက်စသတ်တော့ ကျောင်းသူကျောင်းသားသစ်လေးတွေ ကျောင်းလာတက်နေကြတာကိုး။ နင်တို့လေ Tutorialနဲ့ဖြဲခြောက်မှပဲ ကြောက်ကြတယ်။ ကျောင်းကိုစောစောလာပြီး အတန်းမတက်ပဲ စောစောလစ်သွားကြတဲ့ စောလစ်တွေ.......။"

                 ဆရာ့စကားအဆုံးမှာ ကျောင်းသူကျောင်သားတွေအကုန်လုံး တဟိဟိနဲ့ တိုးတိုးကျိတ်ကျိတ် ရယ်ကုန်ကြတယ်။ ပေါ်တင်ကြီးတော့ မရယ်ရဲကြပါဘူး။ တော်ကြာ...ဦးဝေတည်ကြီးက စိတ်ကူးပေါက်ပြီး စာထမေးရင် ဒုက္ခ...။ အကုန်လုံးက ကျောင်းပြေးပြီး မဟုတ်တာလုပ်ထားတဲ့သူတွေချည်းပဲလေ။

"ဒီလိုမျိုး လူတွေစုံစုံညီညီနဲ့ တက်ရောက်တဲ့နေ့မှာ ဆရာက ငါ့တပည့်တွေကို နာမည်ပေးမယ်…."

                        ဆရာက ပြောပြောဆိုဆိုနဲ့ White Boardပေါ်မှာ နာမည်လေးတစ်ခုရေးပါတယ်…။ NATO တဲ့။
"NATOဆိုတာ ဘာလဲ သိကြလားငါ့တပည့်တို့"

"NATOဆိုမှတော့ နတို(နှာတို)ပေါ့။ ဆရာက ငါတို့ကို နှာခေါင်းတိုတယ်လို့ ပြောချင်တာနဲ့တူတယ်။
မဟုတ်သေးပါဘူး NATOကိုအသံထွက်ရင် NAက န… TOက တူ… နှစ်ခုပေါင်းလိုက်တော့ နတူ…. အယ်..ဆရာက ဘာကိုဆိုလိုတာလဲမသိဘူး………..။"

                    လူတွေဆီမှာ အပေါများဆုံးအရာက ထင်မြင်ချက်ဆိုတဲ့အတိုင်းပဲ တစ်ယောက်တစ်ပေါက်ဝေဖန်သံတွေက ထွက်လာပါတယ်။ တော်တော်လေးကြာတော့မှ ဆရာက…..

"ကဲ…ကဲ။တော်ကြတော့ ။ ဆရာပြောချင်တဲ့ NATOဆိုတာ နေတိုးကိုပြောတာ…..။"

                      ဟင်…ဆရာကလည်း….ဘာဆိုဘာမှမဆိုင်ဘူး။ မချစ်စနိုးတောင် စိတ်ထဲကနေ အဲ့လိုတွေးမိပါတယ်။ အတန်းထဲက ယောကျာ်းလေးတွေက သူတို့ကို နေတိုးလို့ ဆရာက နာမည်ပေးတာကို သဘောတွေကျပြီး သွားကိုဖြီးးးနေကြတာပဲ။ (တကယ်ကတော့ ခွေးကျွေးလို့ ၀က်မစား လဒမြင်ရင် ၇ရက်ဖျားမယ့်ရုပ်တွေ)

"ဒါပေမယ့် ဆရာက ရုပ်ရှင်မင်းသားနေတိုးကို ပြောချင်တာမဟုတ်ဘူးနော်"

               ဆရာ့စကားအဆုံးမှာ တစ်ခန်းလုံးငြိမ်သက်သွားပါတယ်…….။ဆရာအခုလိုစကားစပြီဆိုရင် တရားဟော…. အဲလေ ဆုံးမစကားပြောတော့မယ်ဆိုတာ သိပြီးသားလေ။ ဒီဆရာနဲ့ ဒီတပည့်တွေက အတိုင်အဖောက်ညီပြီးသား။ ချက်ဆိုရင် ဗိုက်မှာကပ်….အဲ…အဲ…  ချက်ဆိုရင် နားခွက်က မီးတောက်ပြီးသား ဖြစ်နေပြီလေ။

                   တစ်တန်းလုံးငြိမ်နေတော့မှ ဆရာက စကားဆက်ပြောပါတယ်။

"NATOဆိုတာက No Action Talk Only ကို ဆိုလိုတာ ။ဆိုလိုချင်တာကတော့ အပြောသမားသက်သက်ပဲပေါ့။ အပြောသာကောင်းပြိး တကယ်တမ်းလုပ်ရမယ့်နေရာလည်းရောက်ရော.. အဖြစ်ရှိအောင် မလုပ်နိုင်တဲ့လူမျိုးကို ခေါ်တာ။ ဆရာကတော့ ကိုယ့်တပည့်တွေ အကုန်လုံးကို NATOမဖြစ်စေချင်ဘူး။ NTAO ပဲဖြစ်စေချင်တာ။ No Talk Action Onlyပေါ့။ အပြောနဲ့သက်သေမပြပဲ အလုပ်နဲ့သာ သက်သေပြတဲ့လူမျိုးပဲ ငါ့တပည့်တွေကို ဖြစ်စေချင်တယ်။"

                          ဆရာ့ရဲ့ဆုံးမစကားက တကယ်မှန်ပါတယ်။ မချစ်စနိုးတို့ ပေါင်းသင်းဆက်ဆံနေရတဲ့ လူတွေထဲမှာ အပြောပဲရှိ လက်တွေ့မရှိတဲ့ NATOတွေလည်းပါတယ်။ NTAO တွေကတော့ နည်းပါတယ်။ တကယ်ဖြစ်ချင် တကယ်လုပ်… အဟုတ်ဖြစ်ရမည် ဆိုတဲ့ဆောင်ပုဒ်ကို လက်ကိုင်ထားတဲ့လူတွေကို မချစ်စနိုး တကယ်လေးစားပါတယ်။ မချစ်စနိုးကိုယ်တိုင်လည်း (မဖြစ်သေးပေမယ့်) အဲ့လိုဖြစ်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။

                         ဆရာက ငြိမ်သက်နေတဲ့ အတန်းသူအတန်းသားတွေကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး….

"ဒါပေမယ့် ဆရာတစ်ခုပြောချင်တာက ငါ့တပည့်တွေ တကယ်လို့ လူတော်မဖြစ်နိုင်သေးရင်တောင် လူကောင်းဖြစ်အောင် ကြိုးစားကြပါ…..။"

                     လူတော်မဖြစ်နိုင်သေးရင်တောင် လူကောင်းဖြစ်အောင်ကြိုးစားရမယ်တဲ့။ အရမ်းကို တန်ဖိုးရှိတဲ့ စကားလေးတစ်ခွန်းပေါ့။ မိမိကိုယ်တိုင် လူတော်မဖြစ်နိုင်သေးဘူးဆိုရင်တောင် အနည်းဆုံးတော့ လူကောင်းဖြစ်အောင် ကြိုးစားရမှာပဲ မဟုတ်ဘူးလား…………..။

                 ဆရာ့ရဲ့ဆုံးမစကားအဆုံးမှာ ကျောင်းသူကျောင်းသားတွေအားလုံး အတွေးကိုယ်စီနဲ့ ငြိမ်သက်လျက်။ သေချာတာကတော့ သူတို့တွေရဲ့စိတ်ထဲမှာ ဒီနေ့ဆရာဆုံးမလိုက်တဲ့စကားတွေကို အမြဲအမှတ်ရနေမယ်ဆိုတာပါပဲ…….။

ကဲ....သင်က NATOလား???? NTAOလား??????

                                                                                    မချစ်စနိုး

Wednesday, November 7, 2012

ကဗျာမဟုတ်တဲ့ကဗျာတစ်ပုဒ်.........


ဖြစ်ချင်တာဆိုရင် မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့ငါ....

နင်ငါ့ကိုပိုချစ်လာအောင်တော့ ငါဘာဖြစ်လို့ မလုပ်နိုင်ရတာလဲ မသိဘူးနော်......

ငါဝန်ခံပါတယ် ငါ့ဘက်ကအလွန်တွေရှိခဲ့ပါတယ်။

ဒါပေမယ့် လုပ်ခဲ့တဲ့လုပ်ရပ်တွေအကုန်လုံးက နင့်ကိုထိခိုက်စေဖို့ မရည်ရွယ်ခဲ့တာ အမှန်ပါပဲ။


လူတွေက ပြောကြတယ်......

လောကကြီးက မတရားဘူးတဲ့။

တကယ်တမ်းကတော့ လောကကြီးမှာရှိတဲ့လူတွေက မတရားတာပါ။


အချစ်ဆိုတာ ဘာလဲ ဆိုတဲ့မေးခွန်းကို လူတွေ အစဉ်အဆက်မေးလာကြတယ်....။

ဘယ်တုန်းကမှလည်း အဖြေမရှိခဲ့ဘူး။ ဘယ်တော့မှလည်း အဖြေရှိလာမှာမဟုတ်ဘူး....။

ဒါပေမယ့် ကိုယ့်ခံယူချက်နဲ့ကိုယ် ရှေ့ ဆက်ချီတက်နေကြတဲ့သူတွေချည်းပါပဲ.........။


အချစ်နဲ့ပတ်သတ်ပြီး ငါ့ခံယူချက်ကိုပြောရမယ်ဆိုရင်တော့

အချစ်ဆိုတာ........

မချစ်ခင်တုန်းကလည်း ခံစားရတယ်

ချစ်နေရင်းနဲ့လည်း ခံစားရတယ်

ချစ်ပြီးသွားပြန်တော့လည်း ခံစားရပြန်တာပါပဲ။

(ဒါက ငါ့အတွက်ပဲ မှန်ကန်နိုင်တဲ့ဥပဒေသတစ်ခုဖြစ်မယ်ထင်ပါရဲ့ )


လမ်းခွဲမယ်လို့ ကြံစည်လိုက်တိုင်း

အားလုံးက ငါတို့နှစ်ယောက်ကို မကွဲကွာစေချင်ကြဘူး။

(နင့်ကိုငါသိပ်ချစ်မှန်းလည်း အားလုံးက သိတယ်လေ)

ဒါပေမယ့် ကံကြမ္ပာကတော့ ဒီအကြောင်းသိပုံမရဘူး။

ငါမျက်ရည်ကျရုံလောက်နဲ့ သူမကျေနပ်နိုင်တဲ့ပုံပဲ။


လူတိုင်းမှာ ခံစားချက်တွေရှိကြတယ်.....။

ဒါပေမယ့်ခံစားချက်တိုင်း ကဗျာမဖြစ်လာနိုင်ဘူး။

တစ်ခါတစ်လေ အဓိပ္ပါယ်ဖော်ပြလို့မရနိုင်အောင် နက်ရှိုင်းလို့လည်း ဖြစ်နိုင်တယ်။

အဲ့ဒီ့လိုနဲ့ပဲ ကဗျာတိုင်းဟာလည်း ခံစားချက်ကြောင့်ဖြစ်ပေါ်လာတာမဟုတ်တော့ဘူး။

ဒါဆိုရင် အခုရေးနေတဲ့ငါ့ကဗျာကရော..........?????

                                                                                          မချစ်စနိုး

Sunday, November 4, 2012

တစ်ခါတုန်းက.........

တစ်ခါတုန်းက.....

အချစ်က အလွမ်းကိုမေးတယ်

အချစ်ကို.......

စိတ်ကုန်တာလား

စိတ်နာတာလား

စိတ်ညစ်တာလား

စိတ်ပျက်တာလား...လို့မေးတယ်။


အလွမ်းက ပြန်ဖြေတယ်

အမှန်တကယ် ၀န်ခံရရင်.... အချစ်ကြောင့်..စိတ်မကောင်းဖြစ်သွားတာပါ....တဲ့။


အချစ်ကထပ်ပြောတယ်..

သူကလူတိုင်းအတွက်မွေးဖွားလာတာ.....တဲ့။


အမုန်းက၀င်ပြောတယ်..

သူ့ကြောင့်လူတွေရင့်ကျက်ကုန်တာ...တဲ့။



အလွမ်းက အားကျမခံပြောတယ်...

သူက လူတွေကို ခံစားမှုပေးစွမ်းနိုင်ဆုံးအရာ...တဲ့။


အနမ်းက ရင်ခုန်ခုန်နဲ့ဝင်ပြောတယ်...

မင်းတို့တွေကြောင့် ငါ ခဏ..ခဏ ဓါးစားခံဖြစ်နေရတာ....တဲ့။


အဲ့ဒီ့နောက်မှာ သူတို့အားလုံး ဆုံးဖြတ်လိုက်ကြတယ်....။

သူတို့အားလုံးက တစ်ယောက်ရှိတဲ့နေရာမှာ တစ်ယောက်ရှိနေလို့မရဘူးဆိုတဲ့ အဖြေကိုပေါ့......။

                                                                            မချစ်စနိုး