ဒီနေ့ အတန်းလစ်နေကျ မချစ်စနိုးတစ်ယောက် အတန်းမလစ်ပဲ
မချစ်စနိုးတို့ ဘောဂဗေဒဌာနမှ အဖေဂျမ်းလို့ နာမည်ကြီးတဲ့
ဆရာဦးဝေတည်စာသင်ချိန်ကို တက်တယ်။ ဘာဖြစ်လို့လည်းဆိုတော့
မနေ့ကTutorialချိန်မှာ ဒီနေ့မတက်ရင် နောက်နောင်
ကျူတိုရီယယ်ဖြေခွင့်လုံးဝမပေး လို့ ကြေညာထားလို့ပါပဲ။
အဲံဒီ့ကြေညာချက်ကောင်းမှု အကြောင်းပြုပြီး ဒီနေ့ အတန်းထဲမှာ
လူတော်တော်စုံနေပါတယ် ။ မမြင်ဖူးတဲ့ မျက်နှာ အသစ်လေးတွေကိုလည်း
မြင်ရတယ်ဆိုပါတော့။
"မင်္ဂလာပါဆရာ..........."
"ဒီနေ့မိုးအုံ့နေပါတယ်မှတ်တာ။လက်စသတ်တော့ ကျောင်းသူကျောင်းသားသစ်လေးတွေ ကျောင်းလာတက်နေကြတာကိုး။ နင်တို့လေ Tutorialနဲ့ဖြဲခြောက်မှပဲ ကြောက်ကြတယ်။ ကျောင်းကိုစောစောလာပြီး အတန်းမတက်ပဲ စောစောလစ်သွားကြတဲ့ စောလစ်တွေ.......။"
ဆရာ့စကားအဆုံးမှာ ကျောင်းသူကျောင်သားတွေအကုန်လုံး တဟိဟိနဲ့ တိုးတိုးကျိတ်ကျိတ် ရယ်ကုန်ကြတယ်။ ပေါ်တင်ကြီးတော့ မရယ်ရဲကြပါဘူး။ တော်ကြာ...ဦးဝေတည်ကြီးက စိတ်ကူးပေါက်ပြီး စာထမေးရင် ဒုက္ခ...။ အကုန်လုံးက ကျောင်းပြေးပြီး မဟုတ်တာလုပ်ထားတဲ့သူတွေချည်းပဲလေ။
"ဒီလိုမျိုး လူတွေစုံစုံညီညီနဲ့ တက်ရောက်တဲ့နေ့မှာ ဆရာက ငါ့တပည့်တွေကို နာမည်ပေးမယ်…."
ဆရာက ပြောပြောဆိုဆိုနဲ့ White Boardပေါ်မှာ နာမည်လေးတစ်ခုရေးပါတယ်…။ NATO တဲ့။
"NATOဆိုတာ ဘာလဲ သိကြလားငါ့တပည့်တို့"
"NATOဆိုမှတော့ နတို(နှာတို)ပေါ့။ ဆရာက ငါတို့ကို နှာခေါင်းတိုတယ်လို့ ပြောချင်တာနဲ့တူတယ်။
မဟုတ်သေးပါဘူး NATOကိုအသံထွက်ရင် NAက န… TOက တူ… နှစ်ခုပေါင်းလိုက်တော့ နတူ…. အယ်..ဆရာက ဘာကိုဆိုလိုတာလဲမသိဘူး………..။"
လူတွေဆီမှာ အပေါများဆုံးအရာက ထင်မြင်ချက်ဆိုတဲ့အတိုင်းပဲ တစ်ယောက်တစ်ပေါက်ဝေဖန်သံတွေက ထွက်လာပါတယ်။ တော်တော်လေးကြာတော့မှ ဆရာက…..
"ကဲ…ကဲ။တော်ကြတော့ ။ ဆရာပြောချင်တဲ့ NATOဆိုတာ နေတိုးကိုပြောတာ…..။"
ဟင်…ဆရာကလည်း….ဘာဆိုဘာမှမဆိုင်ဘူး။ မချစ်စနိုးတောင် စိတ်ထဲကနေ အဲ့လိုတွေးမိပါတယ်။ အတန်းထဲက ယောကျာ်းလေးတွေက သူတို့ကို နေတိုးလို့ ဆရာက နာမည်ပေးတာကို သဘောတွေကျပြီး သွားကိုဖြီးးးနေကြတာပဲ။ (တကယ်ကတော့ ခွေးကျွေးလို့ ၀က်မစား လဒမြင်ရင် ၇ရက်ဖျားမယ့်ရုပ်တွေ)
"ဒါပေမယ့် ဆရာက ရုပ်ရှင်မင်းသားနေတိုးကို ပြောချင်တာမဟုတ်ဘူးနော်"
ဆရာ့စကားအဆုံးမှာ တစ်ခန်းလုံးငြိမ်သက်သွားပါတယ်…….။ဆရာအခုလိုစကားစပြီဆိုရင် တရားဟော…. အဲလေ ဆုံးမစကားပြောတော့မယ်ဆိုတာ သိပြီးသားလေ။ ဒီဆရာနဲ့ ဒီတပည့်တွေက အတိုင်အဖောက်ညီပြီးသား။ ချက်ဆိုရင် ဗိုက်မှာကပ်….အဲ…အဲ… ချက်ဆိုရင် နားခွက်က မီးတောက်ပြီးသား ဖြစ်နေပြီလေ။
တစ်တန်းလုံးငြိမ်နေတော့မှ ဆရာက စကားဆက်ပြောပါတယ်။
"NATOဆိုတာက No Action Talk Only ကို ဆိုလိုတာ ။ဆိုလိုချင်တာကတော့ အပြောသမားသက်သက်ပဲပေါ့။ အပြောသာကောင်းပြိး တကယ်တမ်းလုပ်ရမယ့်နေရာလည်းရောက်ရော.. အဖြစ်ရှိအောင် မလုပ်နိုင်တဲ့လူမျိုးကို ခေါ်တာ။ ဆရာကတော့ ကိုယ့်တပည့်တွေ အကုန်လုံးကို NATOမဖြစ်စေချင်ဘူး။ NTAO ပဲဖြစ်စေချင်တာ။ No Talk Action Onlyပေါ့။ အပြောနဲ့သက်သေမပြပဲ အလုပ်နဲ့သာ သက်သေပြတဲ့လူမျိုးပဲ ငါ့တပည့်တွေကို ဖြစ်စေချင်တယ်။"
ဆရာ့ရဲ့ဆုံးမစကားက တကယ်မှန်ပါတယ်။ မချစ်စနိုးတို့ ပေါင်းသင်းဆက်ဆံနေရတဲ့ လူတွေထဲမှာ အပြောပဲရှိ လက်တွေ့မရှိတဲ့ NATOတွေလည်းပါတယ်။ NTAO တွေကတော့ နည်းပါတယ်။ တကယ်ဖြစ်ချင် တကယ်လုပ်… အဟုတ်ဖြစ်ရမည် ဆိုတဲ့ဆောင်ပုဒ်ကို လက်ကိုင်ထားတဲ့လူတွေကို မချစ်စနိုး တကယ်လေးစားပါတယ်။ မချစ်စနိုးကိုယ်တိုင်လည်း (မဖြစ်သေးပေမယ့်) အဲ့လိုဖြစ်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။
ဆရာက ငြိမ်သက်နေတဲ့ အတန်းသူအတန်းသားတွေကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး….
"ဒါပေမယ့် ဆရာတစ်ခုပြောချင်တာက ငါ့တပည့်တွေ တကယ်လို့ လူတော်မဖြစ်နိုင်သေးရင်တောင် လူကောင်းဖြစ်အောင် ကြိုးစားကြပါ…..။"
လူတော်မဖြစ်နိုင်သေးရင်တောင် လူကောင်းဖြစ်အောင်ကြိုးစားရမယ်တဲ့။ အရမ်းကို တန်ဖိုးရှိတဲ့ စကားလေးတစ်ခွန်းပေါ့။ မိမိကိုယ်တိုင် လူတော်မဖြစ်နိုင်သေးဘူးဆိုရင်တောင် အနည်းဆုံးတော့ လူကောင်းဖြစ်အောင် ကြိုးစားရမှာပဲ မဟုတ်ဘူးလား…………..။
ဆရာ့ရဲ့ဆုံးမစကားအဆုံးမှာ ကျောင်းသူကျောင်းသားတွေအားလုံး အတွေးကိုယ်စီနဲ့ ငြိမ်သက်လျက်။ သေချာတာကတော့ သူတို့တွေရဲ့စိတ်ထဲမှာ ဒီနေ့ဆရာဆုံးမလိုက်တဲ့စကားတွေကို အမြဲအမှတ်ရနေမယ်ဆိုတာပါပဲ…….။
မချစ်စနိုး

ကဲ....သင်က NATOလား???? NTAOလား??????
မချစ်စနိုး
No comments:
Post a Comment